How To Live On Earth 2026
“How to Live on Earth” ဟာ သာမန် သဘာဝပတ်ဝန်းကျင် မှတ်တမ်းရုပ်ရှင်တွေလို ကမ္ဘာကြီး ပျက်စီးတော့မယ် ဆိုတဲ့ ကြောက်စရာ ခြိမ်းခြောက်မှုတွေထက်၊ “ဘယ်လို အဖြေရှာမလဲ” ဆိုတဲ့ အပြုသဘောဆောင်တဲ့ ရှုထောင့်ကနေ တင်ဆက်ထားတာပါ။ ဒါရိုက်တာ Fredi Devas ရိုက်ကူးပြီး ကမ္ဘာမြေရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်ရောင်ခြည်ကို ရှာဖွေထားပါတယ်။
ဇာတ်လမ်းထဲမှာ မင်းသား Benedict Cumberbatch က Narrator အနေနဲ့ သာမက ကိုယ်တိုင်ကိုယ်ကျ ပါဝင်လမ်းညွှန်ပေးထားပြီး၊ ရာသီဥတုအရေး လှုပ်ရှားသူ လူငယ်လေး (Xiye Bastida)၊ အမေရိကန် အိမ်ဖြူတော် စားဖိုမှူးဟောင်း (Sam Kass) နဲ့ ဇီဝဗေဒပညာရှင် (Dan O’Neill) တို့ရဲ့ လက်တွေ့ဆန်တဲ့ ဖြေရှင်းနည်းတွေကို လိုက်လံပြသထားပါတယ်။ ဥပမာ – ဘဟားမားစ် (Bahamas) ကျွန်းစုတွေမှာ သန္တာကျောက်တန်းတွေကို ဖျက်ဆီးနေတဲ့ ခြင်္သေ့ငါး (Lionfish) တွေကို ဖမ်းဆီးစားသုံးခြင်းအားဖြင့် ဂေဟစနစ်ကို ဘယ်လို ပြန်လည်ထိန်းသိမ်းလဲ ဆိုတဲ့ စိတ်ဝင်စားဖွယ် အဖြစ်အပျက်တွေကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ နေထိုင်စားသောက်မှု ပုံစံတွေကို သဘာဝတရားနဲ့အညီ ဘယ်လို ပြောင်းလဲရမလဲ ဆိုတာကို ရိုက်ကူးထားတာပါ။
ဒီဇာတ်ကားရဲ့ အကြီးမားဆုံး အားသာချက်ကတော့ ကြည့်ရှုသူကို စိတ်ဓာတ်ကျမသွားစေဘဲ ခွန်အားဖြစ်စေတာပါပဲ။ သဘာဝတရားကို ဆန့်ကျင်မယ့်အစား ပူးပေါင်းဆောင်ရွက်ရင် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်တယ် ဆိုတဲ့ မက်ဆေ့ချ်ကို သေချာလေး ပေးစွမ်းနိုင်ပါတယ်။ “ကမ္ဘာပေါ်မှာ ဘယ်လို နေထိုင်ရမလဲ ဆိုတာကို သင်ပေးမယ့် အကောင်းဆုံး How-to ဗီဒီယို” လို့ တင်စားခံရတဲ့အထိ လက်တွေ့ကျပါတယ်။
ကမ္ဘာအနှံ့က လှပတဲ့ သဘာဝအလှတရားတွေကို အရည်အသွေးမြင့် ကင်မရာ ရိုက်ကွက်တွေ Cinematography နဲ့ မြင်တွေ့ရမှာပါ။ ဒါ့အပြင် နာမည်ကြီး တေးရေးဆရာ Hans Zimmer နဲ့ Jacob Shea တို့ ဖန်တီးထားတဲ့ နောက်ခံတေးဂီတ ဟာ ဇာတ်ကားရဲ့ လေးနက်မှုနဲ့ ခံစားချက်ကို အကောင်းဆုံး မြှင့်တင်ပေးထားပါတယ်။
Doctor Strange မင်းသားကြီး Benedict Cumberbatch ရဲ့ ဩဇာပါပြီး ဆွဲဆောင်မှုရှိတဲ့ အသံနဲ့ တင်ဆက်ပုံတွေဟာ ပရိသတ်ကို ဇာတ်ကားထဲ အလွယ်တကူ ဆွဲခေါ်သွားနိုင်ပါတယ်။ ရှုပ်ထွေးတဲ့ သိပ္ပံနဲ့ ဂေဟစနစ် အကြောင်းအရာတွေကို သာမန်လူတွေ နားလည်လွယ်အောင် ရိုးရိုးရှင်းရှင်းနဲ့ ရှင်းပြသွားတာက အရမ်းကို သဘောကျစရာ ကောင်းပါတယ်။
ဘာသာပြန်နှင့်အညွန်းကတော့ Homietv ကဖြစ်ပါတယ်
တိုက်ရိုက်တင်ဆက်သူကတော့ KD247Tube မှတင်ဆက်ပြသပါသည်